သရက်ချောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမှာစကားပြောကြားရာတွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များအားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် တက်ညီလက်ညီနှင့်အခမ်းအနားသို့ တက်ရောက်ပေးနိုင်ရန်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုအား ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)