မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

မြိတ် ဇန်နဝါရီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို (၉)ရက်တိုင်တိုင် ဥပ္ပါတသန္တိပရိတ်တော်အား အလှည့်ကျ ဘာဏကအဖွဲ့ ဆရာတော်များမှ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြပြီး အောင်ပွဲကိုယမန်နေ့ ညနေ (၄)နာရီက ကျင်းပခဲ့ကြသည်။

ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော် အမှူးပြုသော  သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်ဩဝါဒါစရိယ  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်‌ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ  ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ဆက်လက်၍ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင် ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)