ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ  ၂၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတ တိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် အားကစားမှူး ဦးရန်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးပြီး ပညာရည် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များ ချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ အားလပ်ချိန်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကိုယ်ကာကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေရန် အားကစားလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားပညာကို စိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကာသိပ္ပံသင်တန်းကျောင်းများသို့ တက်ရောက်သင်ကြားလိုပါက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာအသိပညာပေး ဟောပြောချက်များနှင့် အာကာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်လိုပါက ဆောင်ရွက်ရမည့် အချက်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

အလားတူ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အားကစားမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများက ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူ ၃၂၂ ဦးတို့အား လူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြော၍ ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)