မြဝတီ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ကျင်းပသည်။
ဦးစွာ Grade-11 မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်”တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားသည်။
၎င်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် မိဘ၊ ဆရာပူးပေါင်း ဆောင်ရွက်မှသာလျှင် ပညာရေးကဏ္ဍ မြင့်မားလာမည်ဖြစ်ကြောင်းနှင့် စုံညီပွဲတော်ကျင်းပရခြင်းကို ရှင်းလင်းသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နိုင်ငံတော်ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအောင်မင်းစိုး၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးသည်။ ထို့နောက် Grade(10) ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)