ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းခရိုင်၊ ​ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ဒုတိယမီးသတ်ဦးစီးမှူး ချစ်မင်းသူဦးဆောင်သော တပ်ဖွဲ့ဝင်များက အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ရေးယာဉ်တစ်စီးတို့ဖြင့် သွားရောက်၍ တာဝန်ရှိသူများက မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများစသည့် မီးဘေးနှင့်သဘာဝဘေးလျှော့ချရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) များအား ဟောပြောခဲ့ကြပြီး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးပြဘုတ်များ ခင်းကျင်းပြသ၍ ဘေးအန္တရာယ်ကျရောက်လာသည့်အခါ ကလေးများမှာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်သောကြောင့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကစားနည်းများအား လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးအစီအစဉ်တွင် ကစားနည်း(၁၀)မျိုးရှိပြီး ကစားနည်းများဆောင်ရွက်စေခြင်း ကလေးများအား မီးသတ်ဆေးဘူး အသုံးပြုတတ်စေရန်၊ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်၊ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိပတ်ဝန်းကျင်အား အကူအညီပေးနိုင်ရန်နှင့် မီးနှင့်ပတ်သက်သော ဗဟုသုတများရရှိစေရန် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါ ဘေးဖြစ်နေစဉ်နှင့်ဖြစ်ပြီးကာလ၌ လုပ်ဆောင်ရမည့် ကိစ္စရပ်များသိရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)