ရွှေဘို ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်၊ မဟာဝိသုတာရာမ အသင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘသာမိ (ဂန္တဝါစကပဏ္ဍိတ) သက်တော် (၈၉)နှစ်၊ သိက္ခာ(၆၉)ဝါရှိ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနသာဓုကိဠဏသဘင်ကို အဆိုပါကျောင်း၌ ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မဟနဆရာတော်အမှူးပြုသော သံဃာတော်များ၊ တပည့်ရဟန်းသံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ဆွေတော်မျိုးတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မှန်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်မြတ် ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒန်းခဲ့ကြသည်။
ထို့နောက် မှန်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့ဆက်ကပ်သော သံဝေဂဥာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်သဝဏ်လွှာအား ဖတ်ကြားလျှောက်ထားပြီးနောက် သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မှ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပေးပို့ဆက်ကပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာအား ဖတ်ကြားလျှောက်ထားပြီး မှန်သာကျောင်းတိုက်ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရားဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အနိစ္စဝရသင်္ခါရ အစချီသော သံဝေဂဂါထာရွတ်ဆို၍ ပထမပိုင်းအခမ်းအနား ရုပ်သိမ်းကာ ဒုတိယပိုင်း အခမ်းအနားဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
အေးမြင့်စန်း