ထားဝယ် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့်(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ(၅)နှစ်ဒေသန္တရ စီမံကိန်းမူဘောင်ကိုနိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP)နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(MSDP)တို့နှင့် ပေါင်းစပ်ကာ တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်၊ ပင်လယ်ရေနက်ဆိပ်ကမ်းနှင့်အထူး စီးပွားရေးဇုန်များ ထူထောင်ခြင်းအားဖြင့် ဒေသတွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် မျှော်မှန်းရေးဆွဲထားကြောင်း၊ နှစ်အလိုက် စီမံကိန်း ရည်မှန်းချက်၊ တိုးတက်မှုနှုန်းနှင့် Per Capita GDP မျှော်မှန်းချက်များ ရရှိစေရေးအတွက်စီမံကိန်း ရေးဆွဲမှုတွင် သမရိုးကျ ဆောင်ရွက်ခြင်းအစား မူလရေးဆွဲထားသည့် (၅)နှစ် ဖွံ့ဖြိုးမှုစီမံကိန်းကို ကဏ္ဍအလိုက်ပြန်လည်သုံးသပ်ပြီး ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာလျာထားချက်များကို ကဏ္ဍတစ်ခု နှင့်တစ်ခုအကြားချိတ်ဆက်ရန် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတိုးတက်ရေးကို ဦးတည်နိုင်မှ နိုင်ငံ၏ GDP တိုးတက်မှုကိုအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသာယာဝပြောရေးနှင့် စားရေရိက္ခာလယ်ယာ၊ ဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်းသားငါး၊ စက်မှုနှင့်လျှပ်စစ်စွမ်းအားပိုမိုထုတ်လုပ်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်သလို ကျန်ကဏ္ဍများဖြစ်သည့်ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးကဏ္ဍများ အနေဖြင့်GDP ရည်မှန်းချက် ပြည့်မီရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်အတွင်းမှ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းကို ပကတိအခြေအနေမှန်ပေါ်တွင် ထင်ဟပ်ရေးဆွဲသွားရမှာ ဖြစ်ကြောင်း၊ GDPရည်မှန်းချက်နှင့်ငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှု အကောင်အထည်ဖော်မှုကို နှစ်ကုန်တွင် လျာထားချက်ပြည့်မီရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြာပြီးတိုင်းဒေသကြီးစီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးတင်မြင့်က တိုင်းဒေသကြီး၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်မှ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်တွင် GDP တန်ဖိုး မျှော်မှန်းချက်နှင့်တိုးတက်မှုနှုန်းအကြောင်းအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်GDPရည်မှန်းချက် မပြည့်မီသည့်ဌာနများနှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ်ကုန်အထိ ငွေလုံးငွေရင်းနှင့်အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့သည့်ဌာနများက ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)