ကော့သောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှအသိပညာပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နဝရတ်ခန်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်က သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍သိရှိနိုင်စေရန် အသိပညာပေး ဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသောအန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊ သတင်းမှားများနှင့် အသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများအား တက်ရောက်လာသော ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အဆင့်အကြီးအကဲများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ သတင်းတု၊သတင်းမှားများနှင့် ပတ်သက်သောဥပဒေများ၊ အသိပညာပေးခြင်းများအား အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှအသိပညာပေးခြင်းကို ကော့သောင်းမြို့နယ်အတွင်း ဆက်လက်ပြုလုပ်ဆောင်ရွက် သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)