ကော့သောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ (၃)မိုင် ပြည်သူရင်ပြင်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရနောင်း-ကော့သောင်း ချစ်ကြည်ရေးခရီးသွားပွဲတော်ကို နာမည်ကျော်အနုပညာရှင်များစွာဖြင့် စည်ကားသိုက်မြိုက်စွာအခမဲ့ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ရနောင်း-ကော့သောင်း ချစ်ကြည်ရေးခရီးသွားပွဲတော်အတွင်း ကော့သောင်းမြို့အတွင်းရှိ နာမည်ကျော်ကြား သာယာလှပသော ကျွန်းများ၏ ထင်ရှားကျော်ကြားသော ဒေသအစားအစာများ၊ ရေထွက်ကုန်ပစ္စည်းများ၊ ကျွန်းများသို့ လာရောက်လည်ပတ်ရာတွင် သွားရောက်လည်ပတ်၍ရရှိသော အလှအပနေရာများ၊ ရနောင်းမြို့မှ လာရောက်ရောင်းချမည့် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း ဆိုင်ခန်းများ၊ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၏ ဈေးဆိုင်ခန်းများနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အထူးပြပွဲများအား ခင်းကျင်းပြသ သွားမည့်အပြင် နာမည်ကျော်အနုပညာရှင်များဖြစ်သော နိုင်ငံကျော်ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်အဆိုတော် ယုန်လေး၊ ဒီဖြိုး၊ ကိကိနှင့် အထူးဧည့်သည်တော်ဖြစ်သော နာမည်ကြီး အဆိုတော်ဂျင်းနီတို့၏ သီဆိုဖျော်ဖြေမှုများဖြင့် အခမဲ့တင်ဆက်သွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများ စိတ်အပန်းပြေစရာ အစီအစဉ်ကောင်းများစွာဖြင့် စည်စည်ကားကား အောင်အောင်မြင်မြင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထို့သို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရနောင်း-ကော့သောင်း နှစ်နိုင်ငံချစ်ကြည်ရေး ခရီးသွားပွဲတော်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)