သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးရေး(VDP)စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်

သံတောင်ကြီး အောက်တိုဘာ ၂၉

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မှ ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျေးလက်ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် မှ ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊    မြို့ပြနှင့်ကျေးလက် ကွာဟမှု ကျဉ်းမြောင်းစေရန်  ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်မှ စ၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ သံတောင်ကြီးမြို့နယ်တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၂၂ ရွာတွင် ကျေးရွာများ၏ လိုအပ်ချက်များအား ဦးစားပေး အစီအစဉ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး      ကျေးရွာ ဖွံ့ဖြိုးရေး (VDP) စီမံကိန်းသည် မိမိကျေးရွာ၏ လိုအပ်ချက်များကို ဖော်ထုတ်၍ မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရသည့်အတွက် အလွန်ထိရောက် သော စီမံကိန်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းအား သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၉)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)