ကြံခင်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ (အ.လ.က) စပါးအိုးကျောင်းတွင် လူငယ်များ၏ ကဏ္ဍမြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်လာစေရန်နှင့် အချင်းချင်းပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ( အ.လ.က) စပါးအိုးကျောင်းမှ ကျောင်းသား/သူလေးများ က " မြန်မာ့ကျောင်း " သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဆန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ လူငယ်များ အသိဥာဏ်ပညာ မြင့်မားစေရေးအတွက် စာပေဗဟုသုတနှင့် ပြည့်စုံပြီး ထက်မြက်ထူးချွန်သော ကျောင်းသား/သူများစွာ မိမိတို့ရွာကျောင်းမှ ပေါ်ထွက်လာအောင် ကြိုးစားကြဖို့ ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသူအဖြစ်(အ.လ.က) စပါးအိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်တို့နှင့်အတူ ပါဝင်ဆွေးနွေးကြသော (G-9) ကျောင်းသား/သူများ ဖြစ်သော မောင်နေလင်းထက်က"လူငယ်နှင့်အားကစား"၊ မချယ်ရီဇော်က "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-8)ကျောင်းသူများ ဖြစ်သော မအိချယ်ရီဖြိုးက"လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်နှင့် မအေးမြသစ္စာက"လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက်အခမ်းအနား တက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသော အချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပြီး၊ (အ.လ.က)စပါးအိုး ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး၊ (အ.လ.က)စပါးအိုးကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးမောင်ငယ်က လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါ သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုးစုကြီးကျေးရွာအုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ (အ.လ.က)စပါးအိုး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူ (၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)