ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းတွင်  ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက သက်ငယ်မုဒိမ်းမှုလျှော့နည်းကျဆင်းရေးဆိုင်ရာအချက်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ဟောပြောပါသည်။

ထို့နောက် ကျောင်းသား/သူများအား သက်ငယ်မုဒိမ်းဖြစ်ပွားမှု၏ဆိုးကျိုးများ၊ ရှောင်ရှားရမည့်အချက်များနှင့် လူကုန်ကူးခြင်းနှင့်ပတ်သက်ပြီးကာကွယ်ရမည့်အချက်များအား အပြန်အလှန်မေးမြန်းကာ အသိပညာပေးရှင်းလင်းဟောပြောကြသည်။

ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာမြင့်၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)