ဖျာပုံ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ပိုင်း အချိန်က အောက္ကဘာကျေးရွာ၊ အောက္ကဘာ (အ.ထ.က-ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အောက္ကဘာ (အ.ထ.က-ခွဲ) ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုစံက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်က" လူငယ်ဘဝပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး ၊ကြိုးစားကြစေလိုကြောင်း၊လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့်စာပေဖတ်ရှုလေ့လာခြင်း၏အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ" အကြောင်းအရာများကိုလည်းကောင်း၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်နှင်းနန္ဒာဦးက" အားကစားနှင့်အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် အားကစားကဏ္ဍ လေ့လာလိုက်စားစေလိုကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိရှိအသုံးချစေတတ်၊ ဖို့လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာသိကောင်းစရာများ၊ လူကုန်ကူးမှုအကြောင်းသိကောင်းစရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)