ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကံရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်သူက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးက စိတ်ဓာတ်မြှင့်တင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးဆိုတဲ့ ခေါင်းစဥ်ထဲမှ လူငယ်တွေရဲ့နေထိုင်မှုပုံစံ၊ လူငယ်တွေ ဘဝတိုးတက်ဖို့အတွက် ဘယ်လိုတွေစာဖတ်ကြမလဲ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ရန်နိုင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရမည့်အချက်များနှင့် ဥပဒေရေးရာဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတများရရှိအောင် ဟောပြောပေးသည့် ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်/စာစောင်နှင့် နံရံကပ်ပိုစတာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)