မြို့သစ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြံ့ခိုင်မှုရှိစေရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ပုံမှန်ဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာဦးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်း၊ မြို့တွင်းနှင့် ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များပြိုလဲခြင်းမရှိစေရန် စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်တွယ်တက်မှုမရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မြို့သစ်မြို့နယ်အတွင်း ယခင်ကသွယ်တန်းပေးထားသော အကာအကွယ်မဲ့ကြေးနန်း ကြိုးများ၏နေရာတွင် 400 V AAC လျှပ်ကာကာဘာကြိုးများဖြင့် အသစ်လဲလှယ်တပ်ဆင်ပေးခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးက သိရသည်။

သန်းဝင်းထွန်း(မြို့သစ်)