ပဲခူးတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၄

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ရှိ  CC ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စု၊ ပဲခူးမြို့မှ ရဲမှူးဆန်းထွန်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိကောင်းစရာအချက်များကို ရှင်းလင်းဟောပြောပြီး အမှတ် (၁၁) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ပဲခူး) မှ ဒုတိယရဲမှူးမင်းချစ်သူက ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရှင် စာရေးဆရာမဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောကြပြီး ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မြင့်က အသိပညာပေးဟောပြောပေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)