ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ပြည့်စုံရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ "လူငယ်နှင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေး" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အစိုးရနည်းပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် "လူငယ်နှင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေး" စကားဝိုင်းကို စီစဥ်တင်ဆက်သူ ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ပါဝင်အားဖြည့်ဆွေးနွေးသူ ဟင်္သာတခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်း၊ မောင်ဟိန်းသူရစံက "အဂတိလိုက်စားမှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် လူငယ်များ၏အခန်းကဏ္ဏ"၊ မောင်ညီညီလွင်က "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူများ၏အခန်းကဏ္ဏ"၊ မဧကရီလင်းက "အဂတိလိုက်စားမှုလျော့ချရေးနှင့် အသိပညာပေး လုပ်ငန်းများ၏အရေးပါမှု"၊ မောင်စည်သူဦးက "အဂတိလိုက်စားမှု လျော့ချရေးအတွက် တရားဥပဒေစိုးမိုးရေး" စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးကြပါသည်။ စကားဝိုင်းအပြီးတွင် တက်ရောက်လာသည့် ပရိသတ်များ၏ သိရှိလိုသည့် မေးခွန်းများ မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဥ်များအလိုက် ဦးဆောင် ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး အစိုးရနည်းပညာကျောင်းမှ ကျောင်းအုပ်ကြီးနှင့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနှင့် လူငယ်စကားဝိုင်းများကို ကျင်းပရာတွင် " လူငယ်ကဏ္ဏကိုမြှင့်တင်သည့်အနေဖြင့် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်း ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဖြစ်ပြီး" ယခုဆွေးနွေးသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ "ပြည်သူ့ဘဏ္ဏာငွေဆုံးရှုံးမှု လျော့နည်းစေရန်၊ ပြည်သူများ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေပြီး အဂတိတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဖက်လူ့အဖွဲ့အစည်း သုံးရပ်လုံးက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်နှင့်စည်းမျဥ်းစည်းကမ်းများကို လေးစားလိုက်နာစေရန်" စသည့် ရည်ရွယ်ချက်များဖြင့် စကားဝိုင်းဆွေးနွေးရခြင်းဖြစ်ပြီး အဆိုပါ လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်အဆင့်တို့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အစိုးရနည်းပညာကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)