ပန်းတောင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထောက်ကြံ့ကုန်းအုပ်စု၊ တုံကင်းအုပ်စု၊ သူရဲတန်းအုပ်စုတို့၌ ယမန်နေ့နံနက်ပိုင်းက တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်း အခမ်းအနားကျင်းပခဲ့ရာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ပန်းတောင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စားဝတ်နေရေးသက်သာချောင်ချိစေရန်၊ ငွေပိုငွေလျှံများရရှိစေရန်အတွက် နွေစပါးများ စိုက်ပျိုးရာတွင် တစ်ဧက တင်း (၁၁၀) ထွက်ရှိနိုင်ရန် အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရန်၊ ကြဲခင်းများမစိုက်ပျိုးပဲ Drum Seeder ၊ ပျိုးထောင်စိုက်၊ ကောက်စိုက်စက်စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးကြရန်စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးတင့်လွင်မှ ထွက်နှုန်းကောင်းမျိုးစေ့များရရှိရန် မျိုးစပါးဆားငံရည်စိမ်မျိုးရွေးချယ်နည်း အကျိုးကျေးဇူးများနှင့် စပါးမျိုးစေ့ဆောင်ရောဂါများအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသောတောင်သူများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီး စပါးဆားငံရည်စိမ်မျိုးရွေးချယ်ခြင်းအား လက်တွေ့သရုပ်ပြနည်းပညာပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)