ရွှေတောင် ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ပရိက္ခရာတန်းလမ်းရှိ မြို့မစည်ပင်သာယာစျေးကြီးတွင် ယမန်နေ့ နေ့လယ်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရွှေတောင်မြို့မစည်ပင်သာယာစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးများဖြင့် သရုပ်ပြခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များ ဖြင့် ရေထွက်သရုပ်ပြသခြင်း၊ ရေဖြန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး၊ စျေးအကျိုးတော်ဆောင်အဖွဲ့များ၊ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ယွန်းတန်း/ ကြာနီကန်ရပ်ကွက်ရှိ အရန်မီးသတ်စခန်းများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စျေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)