ပွင့်ဖြူ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထား လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးကြီးအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို ဈေးရောင်းဈေးဝယ်ပြည်သူများ အလေးထား လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းအား ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဒေသတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့၍ အကူအညီရယူဆောင်ရွက်ကြစေလိုကြောင်းနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့မဈေးကြီးတွင် ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ပစ္စည်းများဖြင့် စနစ်တကျ ကိုင်တွယ်အသုံးပြု မီးငြှိမ်းသတ်နိုင်စေရန်အတွက် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများနှင့် မီးသတ်ပိုက်များဖြင့် မီးငြှိမ်းသတ်နည်းစနစ်များကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် ပညာပေးသရုပ်ပြသရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဈေးဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက ပူးပေါင်းပါဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)