ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ

ပြည် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ဆရာများ၊ဝန်ထမ်း မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ အရာရှိများနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ ထုတ်လုပ်ရောင်းချသူများအဖွဲ့က ဈေးကားများဖြင့် ပြည်တက္ကသိုလ်၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း (ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပညာရေးဒီဂရီကောလိပ် (ပြည်) နှင့် နည်းပညာတက္ကသိုလ် (ပြည်) တို့သို့ သွားရောက်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ အပါအဝင် အသား/ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြသည်။

အဆိုပါ ရောင်းချပေးနေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်ဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ အရာရှိများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)