ကျုံပျော် ဇန်နဝါရီ ၂၃
ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန်၊ ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စည်ကားစွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ပညာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ကျုံပျော်ခရိုင်ပညာရေးမှူး ဆရာကြီး ဦးကျော်ဇင်သန်းက ကျုံပျော်မြို့နယ်အနေဖြင့် ပညာရေးတွင် ထူးချွန်သူများထွက်ပေါ်ကြောင်း၊ ယခုစုံညီပွဲတော်တွင်လည်း ဗဟုသုတဖြစ်ဖွယ်ပြခန်းနှင့် ထူးချွန်သူများပါရှိသည့် နံရံကပ်စာစောင်များပြသကာ ကျောင်းသား၊ ကျောင်းသူများ အားကျအတုယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတော်က အားထားရသည့် သားသမီးရတနာများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက နိုင်ငံတော်မှ ပညာရေးကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားလုံးဝိုင်းဝန်းပူးပေါင်း၍ ကလေးများ၏ အရည်အသွေးများ တိုးတက်ရေးကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ရန် အစဉ်ကြိုးစားဖို့ တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားကာ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းဦးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ၎င်းမြို့နယ်၏ ပညာရေးပေါက်မြောက်အောင်မြင်မှုနှင့် ဆက်လက်ကြိုးစားဆောင်ရွက်သွားရေးတို့ကို ၎င်းအမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျုံပျော်မြို့နယ် အခြေခံပညာကျောင်းများ အသီးသီးမှ ကာယာ၊ ဉာဏ ပြိုင်ပွဲများတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထိုသို့ပေးအပ်ရာတွင် ဗဟိုအဆင့် National ICT နှင့် မြန်မာ့ဆိုင်းပြိုင်ပွဲတွင် ဆုရရှိသူများ၊ တိုင်းအတင့် National ICT၊ ဘောလုံး၊ ပြေးခုန်ပစ်နှင့် အကပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ခရိုင်အဆင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲ၊ ဘောလုံး၊ ဘော်ဘီဘော၊ ပိုက်ကျော်ခြင်း၊ ဘက်စကက်၊ တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ် စသည့်အားကစားနည်းများ၌ ထူးချွန်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ “ဘက်စုံပညာရည် ဒို့လှမ်းချီ” သီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)