ပန်းတနော်မြို့၌ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲတော် မုခ်ဦးဖွင့်ပွဲနှင့်အလံတင်အခမ်းအနား ကျင်းပ

ပန်းတနော် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲတော် မုခ်ဦးဖွင့်ပွဲနှင့်အလံတင်အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၃) ရက် ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြတောင်ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များမှ အဆိုပါ မုခ်ဦးအား စက်ခလုပ်နှိပ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြတောင်နွယ်ဖွား တပည့်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြတောင်ဒကာ/ ဒကာမများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်တွင် ပြာသိုလဆန်း (၁၃)ရက်နေ့၌ မုခ်ဦးဖွင့်ပွဲနှင့် အလံတင်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး ပြာသိုလဆန်း (၁၄)ရက်နေ့တွင် မြတောင်နွယ်ဖွား တပည့်သံဃာတော်များနှင့် မြတောင်ဒကာ/ဒကာမများက မြတောင်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလဉာဏ၏ သက်တော် (၈၀) ပြည့်မွေးနေ့နှင့် မြတောင်ဒုတိယနာယက အရှင်ကုမာရ၏ (၇၅) နှစ်ပြည့် စိန်တရတုမွေးနေ့အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် လှူဒါန်းပူဇော်ကတော့ကြမည်ဖြစ်ကာ ပြာသိုလပြည့်နေ့၌ စာသင်တိုက်တည်ထောင်ခြင်း နှစ်ငါးဆယ်ပြည့်အခမ်းအနားကြီးတွင် အထူးပင့်သံဃာတော်ဆရာတော်ကြီး အပါး (၅၀)တို့အား ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)