ဟင်္သာတ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်း၌ ဟောပြောပွဲ နှင့် မြို့တွင်းသို့ လှည့်လည်၍ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲသို့ သံဃာ(၁၅၀)ပါးခန့်၊ သီလရှင်(၁၀၀)ပါး ခန့်နှင့် လူပုဂ္ဂိုလ်(၄၅၀)ဦးခန့် စုစုပေါင်း အင်အား (၇၀၀) ဦးခန့်တို့က စုဝေးခဲ့ကြပြီးနောက် "အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများ ကို ဖျက်ဆီးနေမှုအား ဟင်္သာတမြို့ ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်၌ သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။
ဆက်လက်၍ ဆရာတော်များ၊ သီလရှင်များ လူပုဂ္ဂိုလ်များက စနစ်တကျစီတန်း၍ အလျား(၈)ပေ၊ အနံ(၄)ပေခန့်ရှိ "ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရား၊ ပုထိုး၊ စေတီများအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲ" ခေါင်းစီးစာသားပါ ဗီနိုင်း (၁)ခု၊ အလျား (၂) ပေ၊ အနံ (၁)ပေခန့်ရှိ "ဘာသာသာသနာစော်ကားသည့်သူ ဒို့ရန်သူ-ဒို့ရန်သူ"၊ "ဘုရားဖြိုဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ"၊ "ဒို့တိုင်းပြည်ဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ"၊ "ပြည်ဖျက်မိစ္ဆာ သောင်းကျန်းသူများအား ဆန့်ကျင်ကြ-ဆန့်ကျင်ကြ"၊ "အကြမ်းဖက်အဖွဲ့ များအား အမြစ်ပြတ်ချေမှုန်းရေး ဒို့အရေး-ဒို့အရေး" စာသားများပါ ဗီနိုင်းဆိုင်းဘုတ် (၂၀)ခုတို့အား ကိုင်ဆောင်၍ ဆိုင်းဘုတ်ပါ စာသားများ အတိုင်း ကြွေးကြော်သံများဖြင့်ကြွေးကြော်ပြီး ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်မှ ဦးကိုကိုလေးကုန်း-ရွှေစေတီလမ်း- ဗိုလ်စောမောင်လမ်း-လွတ်လပ်ရေး ကျောက်တိုင်-မန်းဘခိုင်လမ်း-အား/ကာတန်း-ဟင်္သာအဝိုင်း-ကြည်ကြည်ဝင်းကွေ့-ဆင်းဧကရီ လမ်း-မြစ်ကွေ့ ကျောင်းလမ်း- ဗိုလ်ချုပ်လမ်း- ပညာရေးလမ်းထောင့်မှတစ်ဆင့် ရွှေစေတီလမ်းများအတိုင်း မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့ရာ စုရပ်နေရာဖြစ်သည့် ဆယ်ထပ်ကြီး ဘုရားဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လူစုခွဲကာ ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)