တနင်္သာရီမြို့နယ်အဆင့်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော် အခမ်းအနားစည်ကားစွာ ကျင်းပ

တနင်္သာရီ  ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် မြို့နယ်အဆင့် စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသူ/သားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အ.ထ.က-တနင်္သာရီ၊ အ.ထ.က-မော်တုန်း၊ အ.မ.က-တပ်ဦး၊ အမက-ချောင်းငယ်တို့မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ၏ မိဘ/အုပ်ထိန်းသူများနှင့် ကျောင်းသား/သူများက ပျော်ရွှင်စွာ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာမြို့နယ်အဆင့်စုံညီပွဲတော်ကို အ.ထ.က-တနင်္သာရီမှကျောင်းသား/သူများက အနာဂတ်လူရည်ချွန် တေးသီချင်း သီဆို၍ဖွင့်လှစ်ပေးပြီး တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က အဖွင့်အမှာစကား လမ်းညွှန်ပြောကြားပေးသည်။

ထို့နောက် မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးကအမှားကားပြောကြားပြီး မြို့နယ်ပညာရေးမှူး(ကိုယ်စား) ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအေးစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးကြောင်း သိရသည်။

ဆက်လက်၍ အ.ထ.က-တနင်္သာရီ၊ အ.မ.က-ချောင်းငယ်နှင့် အ.မ.က-တပ်ဦးကျောင်းတို့မှ ကျောင်းသူ/သားလေးများက ပထမပိုင်းအစီအစဉ်ဖြင့် ကဗျာလွတ်အက၊ မနောအလှတို့ နယ်မြေနှင့် ယဉ်တစ်ကိုယ် မယ်တေးသရုပ်ဖော် အကများဖြင့် ကပြ ဖျော်ဖြေပေးကြသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့် ကာယ-ဉာဏထူးချွန်ဆုရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသူ/သားများအား အမှတ် (၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။

ထို့နောက် အ.ထ.က-တနင်္သာရီ၊အထက- မော်တုန်း၊ အ.မ.က-ချောင်းငယ်နှင့် အ.မ.က-တပ်ဦးကျောင်းတို့မှ ကျောင်းသူ/သားလေးများက အကပဒေသာများ၊ တေးသရုပ်ဖော် အကများဖြင့် ပျော်ရွှင်စွာ ဆက်လက် ကပြ ဖျော်ဖြေပေးကြပြီး ပညာရေးစုံညီပွဲတော် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပညာရေးစုံညီပွဲတွင် ကျောင်းသူ/သားလေးများ၏ သီဆိုကပြ ဖျော်ဖြေမှုကို နှစ်သက်သဘောကျသဖြင့် တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်မှ ဆုတော်ငွေ (၅၀၀၀၀၀)ကျပ်အပါအဝင် စုံညီပွဲတော်သို့ တက်ရောက် လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ မိဘ/ဆရာများမှ ဆုတော်ငွေစုစုပေါင်း (၁၂၁၅၀၀၀)ကျပ်ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)