ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) ၌ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ပွဲအခမ်းအနားကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများ ပေးအပ်ပွဲအခမ်းအနားကို ပြည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းလွင်၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ကြူကြူခိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်၊ ဓမ္မသော်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်း‌‌ဇော်နှင့် ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်း‌နောက် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် အ.ထ.က (ဓမ္မသော်) မှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ပြည်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းလွင်က အဖွင့်အမှာစကားနှင့် အ.ထ.က (ဓမ္မသော်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့်‌ ကောင်းမွန်သောဘဝတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အဓိကအချက်က သင်ကြားခဲ့သောပညာများကိုအခြေခံ၍ တိုးတက်ကောင်းမွန်အောင် ကြိုးစားရမည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများက ခရိုင်အဆင့်ပြိုင်ပွဲများတွင်ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာနှစ်တွင် ကာယ၊ ဉာဏ၊ စာရိတ္တ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုဆုများချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)