ငါးသိုင်းချောင်း အောက်တိုဘာ ၂၉
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ (အ-မ-က)ရေတံခွန်ကျောင်း၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက် နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အထူးရဲသင်တန်းသားများကို အခြေခံစစ်ရေးပြ ၊ အထူးရဲကျင့်ဝတ် ၊ ဥပဒေ ၊ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာ စသည့်အကြောင်းအရာများအား မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့တာဝန်ရှိသူများက သင်တန်းပို့ချ သင်ကြား ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနား၌ ငါးသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်သန့်ဇင်မောင်နှင့် ရှေ့ဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အဆိုပါ မဲရုံလုံခြုံရေး အထူးရဲ သင်တန်းသားများကို အောက်တိုဘာလ(၁၂)ရက်နေ့က သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ( Rapid Test Kit ) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အထူးရဲသင်တန်းသား အားလုံး(Negative) အဖြေရရှိခဲ့၍ ရောဂါပိုးကင်းစင်ခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့စခန်းမှသိရှိရပြီး အဆိုပါ မဲရုံလုံခြုံရေး သင်တန်းသို့ ငါးသိုင်းချောင်းနယ်မြေ၊ ကုန်းပြင်နယ်မြေနှင့် ကမ်းနီနယ်မြေတို့မှ အထူးရဲသင်တန်းသား စုစုပေါင်း (၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)