ကျွန်းလှ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် ယူရီးယားနှင့် လက်ချားရောစပ်အသုံးပြုနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီခွဲက မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၁) တောင်သူဦးမောင်ဝင်း၏ ကုလားပဲစိုက်ခင်း (၅) ဧက၌ ကျင်းပကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ယူရီးယားနှင့် လက်ချားအချိုးချ ရောစပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာခြင်း၊ အာဟာရဓာတ်ပါဝင်မှုသေချာခြင်း၊ ပန်းပွင့်များ၍ ပန်းပွင့်ကာလရှည်ခြင်း၊ သီးတောင့်များပြီး အစေ့အဆံအရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် မတ်ပဲ ၁၁၇၂၅ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၃၉ ဧက၊ စားတော်ပဲ ၇၃၃၅ ဧက၊ စွန်တာပြာ ၂၁၁၉ ဧက၊ ပဲရာဇာ ၄၆၁ ဧက၊ စုစုပေါင်း ၂၁၈၉၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)