ကလိန်အောင် ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) နတ်အိမ်တောင်ကျောင်းခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
ရှေးဦးစွာ အ.မ.က-(မူလွန်) နတ်အိမ်တောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက "ပညာပန်းခင်း" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး အ.မ.က-မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်မှ ၂၀၂၃-၂၀၂၄ ပညာသစ်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးကျော်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်အတွင်း ပညာရည်ချွန်ဆုနှင့် ကာယ ဉာဏ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို အ.ထ.က-ကလိန်အောင် ကျောင်းအုပ်ဆရာ ကြီး ဦးခင်လှိုင်၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မိဘ/ဆရာအသင်းဝင်များနှင့် ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများက အတန်းလိုက် အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ ဌာနဆိုင်ရာများ၊ ကလိန်အောင်နယ်မြေခံတပ်ရင်းမှ အရာရှိများ၊ ကျောင်းအုပ်ဆရာကြီး ဦးခင်လှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)