တိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချနေမှုများကြည့်ရှုအားပေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချနေမှုများနှင့် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ မှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင် လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများ ပြောကြားခဲ့ပြီး ပင်စင်ထုတ်ယူရာတွင် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများ ကို ကြည့်ရှု အားပေးခဲ့ပြီး ပင်စင်စားများ လွယ်ကူစွာဝယ်ယူနိုင်စေရေး၊ သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာဌာနများ ပေါင်းစပ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝဆောင်ရွက်ပေူနိုင်​ စေရေးမှာကြားခဲ့ပြီး ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးဝေလင်းအောင်၏ စိုက်ဧက(၇)တွင်ဧက ပြုလုပ်သည့်  ရေကျနောက်စိုက်သီးထပ်ရင်စပါး ရိတ်သိမ်းခြွေလှေ့နေမှုနှင့် တောင်သူဦးတင်ဝင်း၏ စိုက်ဧက (၁၀)ဧက တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး‌ရေတင် ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ စပါးရိတ်သိမ်း ပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ ရိုးပြတ်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေး၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက် ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးတင်ဝင်း၏ လယ်မြေ (၇)ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၁၂၀)တင်းကျော် ထွက်ရှိခဲ့ ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာရှိ စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် ဆီထွက်သီးနှံ (နေကြာ)၊ ဆင်းရွှေကြာ-၂၊ (၁၀)ဧကစံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်(၂၀)ဧက စံပြစိုက်ခင်း တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာစိုက်ခင်းအား ပေါင်းလိုက်ခြင်းလုပ်ငန်းများ၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပိုက်ဆံလျှော် ရိတ်သိမ်းချိန်တွင် လေလွင့်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူဦးဝင်းခိုင်၏ လယ်မြေတွင် အုပ်ချုပ်ရေးနှင့် စိုက်ပျိုးရေး ဦးဆောင်စိုက်ပျိုးသော Supersun 41 နေကြာ (၁၀) ဧကစံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားများကျရောက်မှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်ဖြစ်ထွန်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူဦးမောင်ကျော်၏ လယ်မြေ ၁၀ ဧကတွင် နွေစပါး (GW 11) မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲစေရေး၊ သွင်းအားစုများ အချိန်ကိုက်အသုံးပြုစေရေးနှင့် တစ်ဧက အထွက်တိုးစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)