ရွှေသောင်ယံ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ညနေ (၃)နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း လိုက်လံကြေငြာခြင်းကို ရွှေသောင်ယံနယ်မြေ မီးသတ်စခန်းမှ တာဝန်ရှိသူများက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်ဇင်မိုးနှင့် မီးသတ်ရဲဘော်များသည် အမှတ်(၁/၂/၃) ရပ်ကွက်များအတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ကြေငြာရာ နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိရန်၊ ရေအိုး၊ ရေကန်များကို ဖြည့်တင်းထားရန်၊ မီးဖိုများကိုကာရံအသုံးပြုရန်၊ ဝါး၊ ဓနိအိမ်များတွင် မီးဖိုများကို အိမ်အောက်၌အသုံးပြုရန်၊ လေပြင်းများတိုက်ခတ်ပါက မီးကိုချက်ခြင်းငြိမ်းသတ်ရန်၊ မီးဖိုအနီးလောင်စာများရှင်းလင်းထားရန်၊ မီးကြွင်း၊ မီးကျန်များ မရှိစေရေးဂရုပြုရန်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် အရက်ဆီများ တရားမဝင် သိုလှောင်ရောင်းချခြင်းမပြုရန်၊ ဟောင်းနွမ်း၊ ဆွေးမြည့်နေသော လျှပ်စစ်ပစ္စည်းများအသုံးမပြုရန်၊ ဘုရားမီးများပူဇော်ရာတွင် မီးမကူးနိုင်သည့် အရာဝတ္ထုများခံလျှက် ထွန်းညှိပူဇော်ရန်၊ နေအိမ်ခြံဝန်းအမှိုက်များကိုရှင်းလင်းရန်၊ မီးအသုံးပြုသည့် စက်ရုံ/အလုပ်ရုံများ၊ ဧည့်ဂေဟာများ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ အရက်ဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများကို အသင့်အသုံးပြုနိုင်ရေးထားရှိရန်၊ လမ်းကြီးများနှင့် လမ်းသွယ်များတွင် ဖြတ်သန်းသွယ်တန်းထားသော လျှပ်စစ်ကြိုးများ၊ စက်မောင်းမီးကြိုးများနှင့် တယ်လီဖုန်းကြိုးများအား အမြင့်(၁၅)ပေအထိ မြှင့်တင်သွယ်တန်းထားကြရန်၊ မီးကိုသတ်မှတ်ချိန်အတွင်း၌သာ သုံးစွဲရန်စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)