ပခုက္ကူ ဇန်နဝါရီ ၂၃
ပခုက္ကူတက္ကသိုလ်၏ (၂၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် "Challenges and Opportunities of Climate Change and Enhancing Sustainable Development" သုတေသနစာတမ်းများဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်(ဘွဲ့နှင်းသဘင်ခန်းမ)တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အချင်းပြည့်မီပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ်များက အကောင်အထည်ဖော်လျက်ရှိရာ သင်ကြားမှု၊ သင်ယူမှုအတွက်သာမက သုတေသနများဆောင်ရွက်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ပညာသင်ဖလှယ်ရေး၊ သုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထားကြိုစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အရည်အသွေးမြင့်မားရေးအတွက် ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော နည်းပညာများ သိရှိနားလည်တတ်ကျွမ်းစေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပြီး မိမိတို့၏ပညာစွမ်းအားနှင့်ပေါင်းစပ်ကာ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပခုက္ကူတက္ကသိုလ်သည် မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ဖြစ်ကြောင်း၊ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်သမိုင်းကြောင်းနှင့် (၂၃)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းများဖတ်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ အကြောင်းရှင်းလင်းပြောကြားရာ ပခုက္ကူတက္ကသိုလ် အနုပညာအသင်းမှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အဆို၊ အကဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဒဿနိကဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ခင်နုဆွေက “Some Ethnical Aspect of Environmental Conservation and Sustainable Developmental” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနှင်းနှင်းဝေက “Effect of Climate Factors on Mutualistic Relationship of Adult Butterfly and their Nectar Food Plants on kyaut-Tan Village, Minbu Township, Magway” ခေါင်းစဉ်ဖြင့်လည်းကောင်း သုတေသနစာတမ်းများဖတ်ကြားကြသည်။
ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်နှင့် သုတေသနပြုလုပ်မှုစွမ်းရည် တိုးတက်ကောင်းမွန်အဆင့်မြင့်ပြီး ဘာသာရပ်နယ်ပယ်၊ ဒေသအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရေး၊ ဘာသာရပ်နယ်ပယ် အကျိုးပြုနိုင်ရေး၊ ပခုက္ကူဒေသ လူမှုစီးပွားရေး အကျိုးပြုနိုင်ရေးတို့အတွက် ရည်ရွယ်ကာ (၂၃)နှစ်ပြည့် ပခုက္ကူတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် Challenges and Opportunities of Climate Change and Enhancing Sustainable Development နှင့်ပတ်သက်သည့် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းပေါင်း(၂၂)စောင်ကို စာတမ်းရှင်များက အသီးသီးဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)