ဆောင်းမိတ်စားကြက်သွန်နှင့် ဥစားကြက်သွန်စိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေ

မြို့သစ် ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော မိတ်စားကြက်သွန်နှင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ယခုနှစ်တွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ် ကြီးမားကြောင်း၊ ကြက်သွန်နီတစ်ဧကစိုက်ပျိုးပါက ပျိုးပင်လုံလုံလောက်ရှိရန်အတွက် မျိုးစေ့ (၃) ပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း (၃၀) ရက်မှ (၄၅) ရက်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်း (၄၅) ရက်ကျော်လွန်ပါက ကြက်သွန်ဥကြီးထွားမှုမရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့တန်ဖိုး၊ ပျိုးနုတ်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာနှင့် တူးဖော်ခြင်းစသည့် အထွေထွေကုန်ကျစရိတ်အဖြစ် ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုအပေါ် မူတည်ပြီး ငွေကျပ် (၃၅) သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

မိတ်စားကြက်သွန်နှင့် ဥစားကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး (၃) လအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧက (၂၆၀၀) ပိဿာမှ (၃၅၀၀) ပိဿာအထိ ထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)