ပြည်မြို့၊ ရွှေတံခါးအ.ထ.ကကျောင်းတွင် "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ" ဆောင်ရွက်

ပြည် ဇန်နဝါရီ ၂၃

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးရေး "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ"ကို ယနေ့နံနက်ပိုင်းက ရွှေတံခါးအ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမောင်ထက်ရှား(ပြည်)က "စိတ်ဓာတ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရွှေဘိုမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးစာရေးဆရာနှောင်းသစ်က "စာဖတ်ရှိန်မြှင့်တင်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြပြီး ဟောပြောဆွေးနွေးမှုများအပေါ် ကျောင်းသား/သူများက အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

ထို့နောက် ကျောင်းသား/သူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ရွှေတံခါးအ.ထ.ကကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)