ကရသူရိ ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က မိမိတို့ မြို့အငယ်အနေဖြင့် ယခုလို ဆုရရှိအောင် စွမ်းစွမ်းတမံကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးကျုးပါကြောင်း၊ ကျောင်းသား/သူများနေဖြင့် ထူးချွန်သူများကိုအတုယူ၍ မိမိတို့၏ အားနည်းချက်များကို ကြိုးစားအားထုတ်ကြရန်လိုအပ်ကြောင်း၊ ပညာရေးတွင်သာမက ဘက်စုံထူးချွန်ပြည့်စုံသော အနာဂတ် သားကောင်းရတနာများဖြစ်ပေါ်ရေး စဉ်ဆက်မပြတ်လေ့လာသင်ယူရေးတို့ကို ပြောကြားသည်။ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မှုနှင့် လေ့ကျင့်သင်ကြားပြသမှုတို့ကို ပြောကြားသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၌ တတိယဆုရရှိခဲ့သည့် ကရသူရိမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ (Grade-6)ကျောင်းသူ မယမုံဖူးသန့်အား မြို့အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ရုံးချုပ်မှ ဂုဏ်ပြုဆုငွေ(၅၀၀၀၀)ကျပ်အား မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက လည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ရောက်သူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး (Grade-6) ကျောင်းသူမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ခြင်းသည် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုး၍ ထူးချွန်ထက်မြက်သည့် ကလေးများပေါ်ထွန်းစေရေးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ခရိုင်တစ်ခုလျှင်(၁)ပုဒ်နှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ပထမအကြိမ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ (ပထမဆု)ကိုလည်းကောင်း၊ ၂၀၂၃ခုနှစ် ခရိုင်ရုံး (၅၈)မှ ဒုတိယအကြိမ်အဖြစ် တတိယဆုကိုလည်းကောင်း ကော့သောင်းခရိုင်ရုံး ကိုယ်စားပြု ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)