မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံ(၂၂၇)ရုံတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

မြိတ်၊ အောက်တိုဘာ  ၂၈

(၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံ သုံးပစ္စည်းများကို အောက်တိုဘာလ(၂၇)ရက်နှင့်(၂၈)ရက်တို့တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးလျက် ရှိသည်။

“အဓိကတော့ ရပ်ကွက်/ကျေးရွာကော်မရှင်တွေရော မဲရုံမှူးဦးဆောင်တဲ့ မဲရုံအဖွဲ့ဝင်တွေရော သင်တန်း ပေးပြီးပြီ။ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ဉပဒေ၊ နည်းပဒေနဲ့အညီ ဆောင်ရွက်ရမယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ လိုက်နာရမယ်။ ညွှန်ကြားချက်တွေနှင့်အတူ မဲပေးဖို့ အဓိကဆောင်ရွက်ရမယ်။ ကိုဗစ်ရောဂါက ပြန့်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် စိစစ်ပြီး မဲပေးတဲ့ လုပ်ငန်း စဉ်ကို ဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဉက္ကဌ ဦးငွေဝင်း က ပြောသည်။

မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ ခြင်းတောင်း၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုတံဆိပ်တုံး၊ ဆန္ဒပြုခန်း၊ မဲလက်မှတ် များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စနစ်တကျ ထုတ်ပေးခဲ့ကြရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ထုတ်ယူခဲ့ကြသည်။ ထို့အတူ  ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးများ၊  လုပ်ငန်းလမ်းညွှန်စာအုပ်များကို မဲရုံ မှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ လုပ်ငန်းများဆိုင်ရာ ပညာပေးသင်တန်းတွင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)ခုရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ဦးရေစာရင်း ကပ်ထားကြေညာ ချက်အရ (၂၂၁၅၉၃)ဦးရှိကာ မဲရုံစုစုပေါင်း(၂၂၇)ရုံဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အောက်တိုဘာ လ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ အသက်(၆၀)နှစ်နှင့်အထက်ကို ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )