ဘားအံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊  ဆရာ/ဆရာမများနှင့် မေဂျာအသီးသီးမှ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်-စီမံ ဒေါက်တာခင်မိုးမိုးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ ပထမနေ့ပွဲစဉ်အဖြစ်  အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် သင်္ချာအသင်းနှင့် ရူပဗေဒအသင်းတို့မှလည်းကောင်း၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထဝီဝင်အသင်းနှင့်သတ္တဗေဒအသင်းတို့မှလည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲကို ဘားအံတက္ကသိုလ်ရှိ မေဂျာအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၁၁၅)ဦးတို့မှ ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၅)ရက်နေ့အထိ ယှဥ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲတွင် ဆုရရှိသည့်အသင်းအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)