ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝေဟိန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများပူးပေါင်း၍ အမှိုက်များကင်စင်ရေးနှင့်မီးချိပ်၊မီးကတ်၊ရေ၊သဲ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းကလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဗူးထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊  ဂိုဒေါင်များတွင်  ပစ္စည်းသိုလှောင်ထားမှု အခြေအနေများ၊ လောင်စာဆီသိုလှောင်မှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှု အခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူး အသုံးပြုနည်းများကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)