ဘောဂလိ ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခုနှစ်တွင် ဝယ်လိုအားနည်းမှုကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စိုက်ပျိုးသူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။
ယခုနှစ်တွင် ကျွန်မတို့ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားရန်အတွက် တပိုင်တနိုင်စိုက်ပျိုးထားသည့် နနွင်းစိုက်ခင်းက ဖြစ်ထွန်းအောင်မြင်ပြီး နနွင်းဉများ လှိုင်လှိုင်ဉလို့အဆင်ပြေကြောင်း၊ ယခင်နှစ်တွင် နနွင်းခြောက်တစ်ပိဿာ (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာ (၉၀၀၀) ကျပ်ဖြင့်ရရှိသော်လည်း ယခုနှစ်တွင် နနွင်းခြောက်တစ်ပိဿာ (၃၅၀၀)ကျပ်၊ အစိုတစ်ပိဿာ (၁၀၀၀)ကျပ် သာရရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုမှ လာရောက်ဝယ်ယူပြီးရောင်းချရကြောင်း၊ အထွက်နှုန်းကောင်းမွန်စေတဲ့ စိုက်ပျိုးရေးနည်းစနစ်များ တိုးတက်လာသည့်အတွက် တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းများကို အများစုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နနွင်းကို ဇွန်လပထမပတ်မှ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် တူးယူပြီး နနွင်းခြောက်နှင့်နနွင်းမှုန့်များကို ရောင်းချကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဘောဂလိမြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)စုရှိရာ ဒေသနေပြည်သူအများစုသည် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်ကြပြီး ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းမှုကြောင့် ဈေးနှုန်းကောင်းရန်မျှော်လင့်နေကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)