သာယာဝတီမြို့နယ်တွင် အ.မ.က(လွန်)နွယ်ခွေကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

သာယာဝတီ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သင်တောရိုးအုပ်စု၊ အ.မ.က (လွန်)နွယ်ခွေကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဦးသန့်ဇော်ဦးက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း၊ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူးမိုးသဲအောင်(ပန်းမြေ)က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ 

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြသပေးခြင်း၊ စက္ကူကြဇာတ်ပြသခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နည့်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)