ပေါင်းတည် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနသည် မြို့ပေါ်မူလတန်းကျောင်းများသို့ စားသုံးရန်မသင့်သည့် အစားအသောက်များနှင့်စားသုံးသူရေးရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက သိမ်ကြီးရပ်မူလတန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ဒုတိယဦးစီးမှူးဒေါ်သဉ္ဇာဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ အာဟာရဖွံ့ဖြိုးစေရန်၊ ကျန်းမာရေးအထောက်အကူပြုစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် စားသောက်သင့်သည့်သရေစာ၊ အစားအသောက်များအကြောင်းနှင့် မစားသောက်သင့်သည့်သရေစာ၊ အစားအစာများအကြောင်းကို အကျယ်တဝံ့ဟောပြောကာ အစားအသောက်ကုန်ပစ္စည်းများမှ ကုန်ညွှန်းအမှတ်အသားများကိုကြည့်ရှုတတ်စေရန် နမူနာပုံစံများနှင့်တကွ ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးဦးစိန်သောင်းနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသူများစုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)