ဘားအံ ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၂၀၆-စ၊ တောကြီးကွင်း၌ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆)ဧက ၌ တောင်သူများ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်အဆင့်ဟင်းသီးဟင်း ရွက်စိုက်ခင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် စိုက်ပျိုးတောင်သူ များက စံပြစိုက်ခင်းအတွင်း တောင်သူများမှ သခွား၊ ဖရဲ၊ ငရုတ်၊ ဖူးစားပြောင်း၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ ခဝဲ အစရှိသည့် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများ ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် တောင်သူ အကျိုးအမြတ်ရရှိ မှုအခြေအနေများကို မေးမြန်းဆွေးနွေး၍ သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်းအစား ရာသီ အလိုက်သီးနှံအမျိုးအစားများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် များကို စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်၍ ဈေးကွက်သို့လုံလောက်စွာတင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄၅ ဒဿမ ၀၀)သန်းဖြင့် စိုက်ဧက ၂၀၀ ကျော်ကို အကျိုးပြုနိုင်မည့် ထိပ်ဝအကျယ် ၂၄ ပေ၊ အောက်ခြေအကျယ် ၁၂ ပေ၊ အရှည် ၆၃၀၀ ပေရှိ ဖာလင်(၂)နုန်းသွင်းမြောင်းတူးဖော်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက နုန်းသွင်းမြောင်းတူးဖော်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိန်းမလှကျွန်းကျေးရွာ၊ မာလာရိုးရေသွင်း/ရေနှုတ် မြောင်းဘေးဝဲယာရှိ တောင်သူများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော ဆီထွက်သီးနှံဆောင်းမြေပဲ၊ ပဲအမျိုးမျိုး၊ ဖူးစားပြောင်းနှင့် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံစိုက်ခင်းများ၊ ထုံးအိုင်-မိန်းမလှကျွန်း ကားလမ်းမကြီးဘေးတွင် တောင်သူများမှ ဖူးစားပြောင်းများ ရိတ်သိမ်းခြွေလှေ့၍ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ်သီးနှံထွက်ရှိမှုနှင့်ဈေးကွက်ရရှိမှုအခြေအနေ၊ စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုအပ်ချက်၊အခက်အခဲများကိုမေးမြန်း အားပေးစကားပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သာမန်အသုံးစရိတ်ရန်ပုံငွေကျပ် (၁၉ ဒဿမ ၅၀၀)သန်းဖြင့် စိုက်ပျိုးဧက (၂၁၀)ကျော်အကျိုးပြုနိုင်မည့် ထိပ်ဝအကျယ် ၂၂ ပေ၊ အောက်ခြေအကျယ် ၁၀ ပေ၊ အရှည် ၅၇၀၀ ပေရှိ ဖဲကတာတူးမြောင်းမကြီးလက်တံ(၁) ပြန်လည် တူးဖော်ခြင်းလုပ်ငန်း၊ ပြည်နယ်သာမန် အသုံးစရိတ်ရန်ပုံငွေကျပ် (၁၈ ဒဿမ ၀၀၀)သန်းဖြင့် စိုက်ပျိုးဧက (၅၀ )ကျော်အကျိုးပြုနိုင်မည့် ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေအကျယ် ၁၀ ပေ၊ အရှည် ၆၀၀၀ ပေရှိ ဖဲကတာတူးမြောင်းမကြီးလက်တံ(၂) ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ ပြည်နယ် သာမန်အသုံးစရိတ်ရန်ပုံငွေကျပ် (၁၉ ဒဿမ ၅၀၀)သန်းဖြင့် စိုက်ပျိုးဧက (၅၀)ကျော် အကျိုးပြုနိုင် မည့် ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေအကျယ် ၁၀ ပေ၊ အရှည် ၅၇၀၀ ပေရှိ ဖဲကတာတူးမြောင်း မကြီးလက်တံ(၃) ပြန်လည်တူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်တံမြောင်းများ ပြန်လည်တူးဖော် ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖအွံကျေးရွာ-ဖဲကတာလမ်းဘေးမြောင်းတွင် စက်ယန္တရားနှင့် ယာဉ်များသွားလာနိုင်သည့် ကုန်ထုတ်တံတား(၂) စင်း တည်ဆောက်ပေးနိုင်ရေး လျာထားဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၂၀ ဒဿမ ၀၀၀)သန်း ဖြင့် စိုက်ပျိုးမြေဧရိယာ(၂၅၀)ကျော်ကို အကျိုးပြုနိုင်မည့် ဖအွံ-ကော့ကျိုက်ကျေးရွာ အုပ်စု ကော့ကလွေရိုးပေါ်တွင် ( ၆ပေ x ၁၁ ပေ) ရေတံခါး(၄)ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ညွှန်ကြားရေးမှူးက ရေတံခါး တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော့ကလွေ ရေတံခါးသွားရာလမ်းတွင် မြောင်းကူး Box Culvert တံတားတည်ဆောက်ပေးနိုင်ရေး လျာထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)