မုံရွာ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခို ရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အလေးထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ တင်ပြချက်၊ လိုအပ်ချက်များကို လည်း တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းများအား ဖန်တီးပေးသည့်အရေးပါ သော ကဏ္ဍတစ်ခုဖြစ်သည့်အပြင် အခြားသောစီးပွားရေးကဏ္ဍများအပေါ်တွင် ဆင့်ပွားအကျိုးသက်ရောက်မှုများစွာ ရှိပါကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် တိုင်းပြည်၏ GDP လည်း တိုးတက်လာမှာဖြစ်ပါကြောင်း၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဆိုသည် ဝန်ဆောင်မှုကို အဓိကထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဟိုတယ် များတွင် လာရောက်တည်းခို၏နေထိုင်သည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်ကျေ နပ်မှုရှိအောင် ဆောင်ရွက်ရသည့် အလွန်သိမ်မွေ့သည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ခရီးသွားများအသွား အလာများသည့် ကာလဖြစ်ကာ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်းအဖြစ် အောင်မြင်လာမှာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၁၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပ ပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ အားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များအား လက်ရောက်ပေးအပ်ကြပြီး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြ ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ပြီး အလားတူဆောင်ရွက်မှုများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)