ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံစုံ ၂၀၁၁၀၈ ဧကစိုက်ပျိုးလျက်ရှိ

ကန့်ဘလူ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စုစုပေါင်း ၁၉၉၁၈၃ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ဆောင်းသီးနှံစုံဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညင်း၊ နေကြာနှင့် ပန်းနှမ်း စသည့်သီးနှံစုံ ၂၀၁၁၀၈ ဧကကို ယမန်နှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာတွင် မြေပဲ ၉၇၉၆၈ ဧက၊ နှမ်း ၉၅၇၁၅ ဧက၊ မုန်ညင်း ၅၃၂ ဧက၊ နေကြာ ၂၉၃၅ ဧကနှင့် ပန်းနှမ်း ၂၀၃၃ ဧက စုစုပေါင်း ၁၉၉၁၈၃ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းရာသီဆီထွက်သီးနှံများကို မိုးရာသီနှင့်ဆောင်းရာသီတို့တွင် စိုက်ပျိုးကြပြီး ဒေသခံတောင်သူလယ်သမားများ ဆီထွက်သီးနှံ အမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ပညာပေး စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံစေဖို့အပြင် ပြည်ပမှ မှာယူတင်သွင်းခြင်းများကို လျှော့ချနိုင်ဖို့ ဒေသခံတောင်သူလယ်သမားများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောကြားသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့် ဆီထွက်သီးနှံစုံ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညင်း ၅၆၃ ဧက၊ နေကြာ ၃၀၃၃ ဧကနှင့်ပန်းနှမ်း ၅၅၂၈ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)