ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အငြိမ်းဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်မှု၊ ညွှန်ကြားမှုနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းစီမံမှုတို့ဖြင့် အငြိမ်းစားဝန်ထမ်းဟောင်းများကို ဆက်လက်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကျန်းမာရေးစောင့်ရှောက်မှု၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး​​​ဒေါ်သန်းသန်းချစ်က အနီးကပ်​ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးစမ်းသပ်စစ်​ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ​ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်းသိရသည်။

ယနေ့တွင် အငြိမ်းစားမြို့ပြအငြိမ်းစားဝန်ထမ်း ၉၄ ဦး၊ ကာကွယ်ရေးအငြိမ်းစား ၈ ဦး၊ နိုင်ငံရေးအငြိမ်းစားဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၀၈ ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြပြီး ယင်းတို့မှာ အငြိမ်းစားဝန်ထမ်းသစ် ၇ ဦးနှင့် ယခင်အစောင့်အရှောက်ခံ အငြိမ်းစားဝန်ထမ်းဟောင်း ၁၀၁ ဦးတို့ဖြစ်ကြောင်း၊ ကျား ၅၀ ဦး၊ မ ၅၈ ဦးဖြစ်ကြောင်း သိရသည်။

ထိုစောင့်ရှောက်မှုလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှစတင်၍ ယခုလအထိ လစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပြန်/ဆက်)