ကံမမြို့နယ် အ.ထ.က(အင်းဘဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကံမ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အင်းဘဲကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(အင်းဘဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ယမန်နေ့ နေ့လယ်(၂)နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ(၂၀၂)ဦး  တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ရှေးဦးစွာ အ.ထ.က(အင်းဘဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယရဲမှူး ကျော်နိုင်ဦးက လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း မြို့နယ်အားကစားမှူး ဒေါ်စိုးမိုးခိုင်က အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ပြောကြားခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)