ဟားခါး ဇန်နဝါရီ ၂၃
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငယ်တန်းစာရေး၊ ဒု−လက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူးနှင့် ရုံးအကူဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားကို ဟန်ချက်ညီညီ လည်ပတ်အောင် ဆောင်ရွက်သည့် ဌာနဖြစ်သလို ရပ်ကွက်/ကျေးရွာအုပ်စုအထိ အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားရမည့်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကြီးလေးသည့်တာဝန်များကို ထမ်းဆောင်ရသည့် ဌာနဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဝန်ထမ်းများအားလုံးက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ကျေညက်မှသာ ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်း များ၏ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှု၊ တာဝန်ယူ၊ တာဝန်ခံစိတ်ရှိမှုနှင့် မိမိတို့ဌာနအပေါ်ဂုဏ်ယူပြီး လုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားတတ်မှု စသည့် အရည် အသွေးကောင်းများ မြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့ဖွင့်လှစ်သည့် စွမ်းရည်မြှင့် သင်တန်းတွင် တက်ရောက်လာကြသည့် ဝန်ထမ်းများ အနေဖြင့် သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများကို သေချာလေ့လာမှတ်သား စေလိုကြောင်းနှင့် နောင်တစ်ချိန်တွင် ဌာန၏အကြီးအကဲဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့်အထိကို မျှော်မှန်း၍ အပတ်တကုတ်လေ့လာ လိုက်စားပြီး ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ပြုမူနေထိုင်စေလိုကြောင်းဖြင့် အမှာစကားပြောကြား၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ အားပေးစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး မိမိတို့၏ အရည်အချင်း၊ အရည်သွေး၊ လုပ်ရည်ကိုင်ရည် တိုးတက် နိုင်ရေးဆိုသည့် ခံယူချက်ဖြင့် မှတ်သားရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံး၊ ဟားခါးခရိုင်ရုံး၊ ဟားခါးမြို့နယ်ရုံး၊ ထန်တလန်မြို့နယ်ရုံးနှင့် ဆူခွါးမြို့ရုံးများမှ အငယ်တန်းစာရေး (၃၇) ဦး၊ ဒု−လက်ထောက်ကွန်ပျုတာလုပ်ဆောင်ရေးမှူး (၁) ဦး၊ ရုံးအကူ (၁၂) ဦး၊ ပေါင်း (၅၀) ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ဖြစ်ကြောင်းသိရ သည်။
ခရိုင် (ပြန်/ဆက်)