အထက်မင်းလှ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဌာနဆိုင်ရာများမှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီရေး ဆောင်ရွက်ရန်၊ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်၊ ဌာနဆိုင်များအလိုက် အပတ်စဉ်သောကြာနေ့တိုင်းတွင် ရုံးတွင်းရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ဆေးရုံတို့တွင် အပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းပြုလုပ်ရာ၌ ဌာနဆိုင်ရာများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မှဌာနဆိုင်ရာများအလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ်လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)