မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များအနေဖြင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးသန်းဆွေဝင်းက အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊  တက်ရောက်လာသည့် ကော်မတီဝင်များက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)