လိပ်သို၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို အပတ်စဉ် တင်ဆက် ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက Community Centre ခန်းမတွင် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဖြင့် ပညာပေးဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြား ပြီး ပြည်သူများသိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ မေးခွန်း များကို မေးမြန်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါ၀င်ရွေးချယ်ခံမည့် ပါတီကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ ဆောင်ရွက်နေမှုများ၊ သက်ဆိုင် ရာ ရပ်ကွက်/ ကျေးရွာ မဲရုံတွေမှာ တာ၀န်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိပ်သိုမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င် ဦးအေးလွင်က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်သိရှိလေ့လာနိုင်ရန်အတွက် Talk Show အစီအစဉ်ဖြင့် ပညာပေးဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးခြင်းကို Online မှတစ်ဆင့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်ကာ IPRD Leiktho Page မှလည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)